Q: ဆရာခင်မျာ။ ကျွန်တော့် အသက်က ၃ဝ နှစ်ဝန်းကျင်ပါ။ ကျွန်တော် မေးချင်တာက လိင်မှုဆက်ဆံရေးနဲ့ ဆိုင်ပါတယ်။ ကျွန်တော့် ရည်းစားနဲ့ လိင်ဆက်ဆံမှု ပြုတဲ့အခါတိုင်း ကျွန်တော့်လိင်အင်္ဂါက စပြီး ၁ဝ မိနစ်လောက်ဆို ကျသွားပါတယ်။ ပြန်မာအောင် လုပ်ပြီး ထပ်လုပ်ပြန်ရင်လဲ၊ ၁ဝ မိနစ် ဝန်းကျင်ဆို ပြန်ပြန်ကျသွားတတ်ပါတယ်။
တခါတခါ ပြီးဖို့လဲ အတော်လေး ကြာတဲ့အပြင် လိင်ဆက်ဆံရင်းနဲ့ မပြီးဖြစ်ဘူး။ အမြဲတမ်း Hand-job လုပ်ပေးမှ ပြီးသွားတတ်ပါတယ်။ တခါ ပြီးရင်တော့ ၁ နာရီလောက် နားပြီး၊ ပြန်ဆွပေးရင် ပြန်မာလာပြန်ပါတယ်။ ဒါပေမယ့် အခုနလိုပဲ လိင် ဆက်ဆံမှု ပြန်နေရင်းနဲ့  ပြန်ကျသွားတတ် ပြန်ပါတယ်။ ကျွန်တော့်ရဲ့ စိတ်ဆန္ဒက လိင်ဆက်ဆံမှုပြုရင်း ပြီးချင်သူပါ။ မိန်းကလေးနဲ့  လိင်ဆက်ဆံတဲ့ အကြိမ် ကျွန်တော့်မှာ အတော်လေး နည်းပါးပါတယ်။ များသောအားဖြင့် Masturbation လုပ်တာ များပါတယ်။ ကျွန်တော် စိုးရိမ်တာက Masturbation အလုပ်များလို့ လက်ရဲ့အားကို လိင်ဆက်ဆံမှုလုပ်တာ မလိုက်နိုင်တာလား၊ ဒါမှမဟုတ် ပန်းသေပန်းညိုးများ ဖြစ်နေပြီလား ဆိုတာကိုပါ။ များသောအားဖြင့် သုက်လွှတ် မြန်တာကို ထိန်းဖို့ ကြိုးစားတဲ့ကြားမှာ ကျွန်တော်က ပြောင်းပြန် ဖြစ်နေတော့ အရမ်းကို စိုးရိမ်နေမိပါတယ်။
A: (မာစတာဘေးရှင်း) ဆိုတာ လူငယ်တိုင်း မကင်းပါ။ သူတို့တတွေ ရည်းစားသနံထား၊ အိမ်ထောင်ရက်သား ကျကြတာပါဘဲ။ ငယ်တုံးက အကျင့်ကြောင့် နောင် ဆက်ဆံရေးကိစ္စမှာ အနှောင့်အယှက် ကြီးကြီးကျယ်ကျယ် မဖြစ်ပါ။
လိင်စိတ်ဝင်စားသူနှစ်ဦး အသားချင်း မထိတွေ့ရခင် ဆန္ဒဖြစ်ပေါ်လာတဲ့အခါ အင်္ဂါစိုစွပ်၊ သန်မာလာတာဟာ စိတ်ကြောင့် ဖြစ်လာတာပါ။ နောက်တဆင့် အင်္ဂါတွေ ထိတွေ့လာရင် ဆန္ဒဖြစ်ပေါ်မှု၊ အင်္ဂါစိုစွပ်မှု၊ အင်္ဂါသန်မာမှုတွေဟာ ပိုမို မြင့်မား လာစေတယ်။ ဒါပေမဲ့ အဲလို အချိန်မျိုးမှာတောင် စိတ်မှာ တစုံတရာ အတားအဆီး ရှိလာတယ်ဆိုရင် နောက်ကို ပြန်ကျ၊ တစ်ကနေ ပြန်စရတယ်။ တယ်လီဖုံးလာလို့၊ တံခါးခေါက်လို့ ဆိုတာမျိုး။ ဒါ ရောဂါတခုရဲ့ လက္ခဏာ မဟုတ်ပါ။ ဇီဝကမ္မ (ဖီဇီယိုလော်ဂျီကယ်) ဖြစ်စဉ်တရပ်သာ ဖြစ်ပါတယ်။
မေးတဲ့သူမှာ ပန်းညှိုးရောဂါ မရှိပါ။ ရှိတဲ့သူတွေက ၁ဝ မိနစ် မပြောနဲ့ စတောင် မစနိုင်ကြရှာပါ။ အင်္ဂါချင်း ထိတွေ့မှုအဆင့် ရောက်နေရင်းကနေ ပြန်ကျသွားတာမျိုးက ပြင်ပပယောဂ မပါဘဲ ဖြစ်တယ်ဆိုရင် ရုပ်ပိုင်းက ကောင်းနေတာမို့ စိတ်ပိုင်းကို ပြင်ဘို့ လိုမယ်။ “အင်္ဂါသန်မာမှု” ဆိုတာ စိတ်ဖြစ်ပေါ်မှုနဲ့ အများကြီး ဆိုင်တယ်။ Viagra ဆေး ဆိုတာတောင်မှ ပန်းသေ-ပန်းညှိုးကို ဆေးတန်ခိုး တခုထဲနဲ့ မဟုတ်ဘဲ၊ စိတ်ထဲက ဖြစ်ပေါ်လာမှ သွေးတွေ ပိုလျှောက်လာလို့ သန်မာလာစေတာ ဖြစ်တယ်။
စိတ်ဖြစ်ပေါ်မှုကို ဘယ်လိုရအောင် လုပ်မလဲ။ ရိုးရိုးပြောရင် စိတ်ကိုနိုးဆွစေနိုင်တဲ့ အတွေး၊ အမြင်၊ အကြား၊ အနံ့၊ အရသာ၊ အထိအတွေ့၊ ဆိုတဲ့ အာရုံခြောက်ပါး ဖြစ်ပါတယ်။ တယောက်နဲ့ တယာက် မတူပါ။ ဂီတ၊ အစားအသောက်၊ ကြိုက်တာခြင်း မတူကြသလိုပါဘဲ။ ခက်တာက စိတ်ကို အာရုံတခုမှာ စူးစိုက်ထားနိုင်အောင် လူတိုင်းမလုပ်နိုင်ဘူး။ Zen ကို ဒီလိုကိစ္စနဲ့ တွဲရေးတာမျိုး ဖတ်ချင် ဖတ်ဘူးကြလိမ့်ပါမယ်။
လက်ကိုသုံးလို့ ပိုအဆင်ပြေတာကို ထောက်ရင် လက်ရဲ့ လှုတ်ရှားမှုတွေဟာ စိတ်ကျေနပ်-သာယာမှုကို ပိုပေးနိုင်ပြီး၊ မ အင်္ဂါကို အသုံးပြုခြင်းက ဒီလောက် အဆင်မပြေတဲ့ သဘော ဖြစ်နေတယ်။ အဆင်ပြေအောင် လုပ်လို့ ရပါတယ်။ ကျားနဲ့ မ၊ ရုပ်နဲ့ စိတ်၊ လေးချက်ရှိတယ်။
ကျားအင်္ဂါရဲ့ ခန္ဓာဗေဒနဲ့ ဇီဝကမ္မဖြစ်စဉ်အရ လိင်စိတ်ကျေနပ်မှုကို ဖြစ်စေတဲ့ အချက်အလက်၊ အခြေအနေတွေ သိဘို့ လိုလာတယ်။ Male orgasm ယောက်ျားပြီးခြင်း ကိုဘဲ ရွေးထုတ်ပြောကြ တာပေါ့။ ကိုယ့်လက်ကို အသုံးချတဲ့အခါ ဘယ်နေရာကို နိုးဆွမှုဖြစ်စေသလဲ။ စိတ်ထဲမှာ ဘယ်လို ထင်မြင်-ခံစားနေရင်းနဲ့ ပြီးဆုံးသလဲ။ ကိုယ့်အဖေါ်နဲ့ ဆက်ဆံရာမှာ အဲလို အခြေအနေ မျိုးအတိုင်း ဖြစ်အောင်လုပ်ပါ။
ကျားအင်္ဂါရဲ့ ထိပ်ဖျားပိုင်းဟာ အဓိကကျပါတယ်။ ထိပ်ဖျားပိုင်းမှာ အာရုံကြောတွေ စုဝေးနေတယ်။ တိတိကျကျ ပြောရရင် ထိပ်ဖျား (ခေါင်း) နဲ့ သူ့ရဲ့အောက် အလည်နေရာတွေက အရေးပါတယ်။
အရေပြား တွဲနေသလိုရှိတဲ့ နေရာပါ။ ဆွဲကြည့်ရင် မြားဦးပုံမျိုး။ သူ့ကို ဆွဲတင်းခြင်းဟာ အင်္ဂါကို သန်မာစေအောင် ဖြစ်စေသလို ခံစားမှုလည်း အများဆုံး ရစေတယ်။ လက်ကို အသုံးပြုရင်လည်း ဒါကို ဖြစ်စေအောင် လုပ်တာပါဘဲ။ ဒီတော့ ဆက်ဆံချိန်မှာလည်း အဲဒါမျိုး ဖြစ်အောင်လုပ်ပါ။
မ အင်္ဂါကလည်း အဆင်ပြေဘို့ လိုသေးတယ်။ မွေးလမ်းဟာ ကလေးဖွါးရပြီဆိုတာနဲ့ အနည်းနဲ့အများ ပျက်စီးသွားရတယ်။ မွေးလမ်းကြောင်း ချဲ့မွေး၊ ပြင်ချုပ်ပေးတာတောင် မတူတော့ပါ။ တချို့က ပြန်မချုပ်ဖြစ်ပါ။ ချုပ်အုံးတော့ ချုပ်ရိုး မကောင်းတာ ဖြစ်တတ်တယ်။ ပြန်ချုပ်ရာမှာလည်း ကြွမ်းကျင်မှု လိုသေးတယ်။ ကလေး မွေးဘူးတာနဲ့ မ အင်္ဂါအဝရဲ့ အောက်တည့်တည့် နေရာက စုတ်ပြဲသွားတော့တယ်။ ကလေး မမွေးဘူးရင်တောင်မှ တချို့စုတ်သွားတတ် သေးတယ်။ တင်းအား လျှော့သွားလို့၊ ထိမိစေတာကို နည်းသွားစေတယ်။ မ-အင်္ဂါကို လိုတယ်ထင်ရင် ခွဲစိတ်ပြုပြင်ပြီး၊ အပျိုနဲ့ မခြားအောင် ဆရာဝန်များက ပါရမီ ဖြည့်ပေးနိုင်တယ်။
အပျိုစစ်-မစစ်ဆိုသူတွေမှာ ကွာခြားသွားပါပြီ။ ဒါကလည်း အကောင်း အဆိုးရှိသေးတယ်။ အတွေ့အကြုံ ရလာလို့ ပိုအဆင်ပြေစေတာလည်း ရှိတတ်တယ်။ “တခုလပ်နဲ့ အပျိုစင် ဘယ်ဒင်းသာလို့ယဉ်” ဆိုတာလိုပေါ့။
နောက်ပြီး မ အင်္ဂါအဝသာမက အဲဒီနေရာတဝှိုက်က ကြွက်သားနဲ့ အရွတ်တွေ သန်မာနေဘို့ လိုတယ်။ တချို့ဆိုရင် ထိန်းအား၊ တင်းအား၊ ပင့်အားတွေ လျှော့ကျပြီး၊ Prolapse of the Uterus “သားအိမ်ကျရောဂါ”ဖြစ်ရတယ်။ သားအိမ်ကျတယ် ဆိုတာ ခြုံပြောတာပါ။ အမှန်က သားအိမ်က မွေးလမ်းထဲ၊ မွေးလမ်းအပြင်ကို ထွက်လာတဲ့အဆင့်ထိ မရောက်သေးတာက ပိုတောင် များသေးတယ်။ သားအိမ်ကျတယ်လို့သာ ပြောတာ အမှန်က သားအိမ်ရှေ့က ဆီးအိမ် ကျ (ကြွံ) တာ Cystocele က အဖြစ်အများဆုံး။ ပိုဆိုးသူတွေက မွေးလမ်းနောက် (အောက်) ဖက်မှာရှိတဲ့ အစာဟောင်းအိမ် ကျ (ကြွံ) တာ Rectocele ဖြစ်တယ်။ ကံမကောင်းရင် ဆီးအိမ်၊ သားအိမ်၊ အစာဟောင်အိမ် သုံးခုလုံး တပြိုင်နက် ဖြစ်တယ်။ ခွဲစိတ်လို့ ရပါတယ်။
ကလေးမီးဖွါးရလို့ မဟုတ်ဘဲ၊ အနေအထိုင် လိုလို့ သားအိမ်ကျသူ အပျိုလေးတွေကို ခွဲစိတ်ပေးရဘူးတယ်။ အလေးအပင် မ တာ၊ အထိုင်အထ လုပ်ရတာ၊ အကြာကြီး ချောင်းဆိုးတာ၊ နှာချေတာ၊ ဝမ်းညှစ်သွားရတာ စတဲ့ ဗိုက်ထဲမှာ (ပရက်ရှာ) ဖြစ်စေတဲ့ ဖြစ်စဉ်တွေမှာ မဆင်ခြင်မိလို့ ဖြစ်ကြရတယ်။ (ဗဂျိုင်းနား) ဆိုတာ လုံခြုံမှုရှုဒေါင့်က ကြည့်ရင် (ဝိခ်-ပွိုင့်) အားနည်းချက်တခု ဖြစ်နေတယ်။ ဗိုက်ထဲမှာ တင်းအား၊ ဖိအားဖြစ်လာတိုင်း သူ့အပေါ် သက်ရောက်စေတယ်။ လူကြီး သူမတွေက မိန်းကလေးတွေကို ငယ်ငယ်ကတည်းက “မိန်းကလေးလိုထိုင်” လို့ သင်တတ်တယ်။ ယဉ်ကျေးမှုအရသာမက ကျန်းမာရေး အရပါ ကောင်းတယ်။ ဆောင့်ကြောင့် မထိုင်သင့်ဘူး။
ဒီအင်္ဂါတွေမှာ ခန္ဓာဗေဒအရ အထိန်းတွေက ရှိနေပြီးသားပါ။ အထိန်းတွေဆိုတာ ကြွက်သားတွေနဲ့ အရွတ်ပြားတွေ ဖြစ်တယ်။ ဒါတွေကနေ စုစည်း မ တင်ပေးထားတယ်။ ဒါပေမဲ့ သတိမထားဘဲ၊ မထိန်းဘဲ၊ အမှတ်တမဲ့ဆိုသလို ချောင်းဆိုး၊ နှာခြည်၊ အလေးအပင် မ၊ အထိုင်အထတွေ လုပ်ရရင် ဒီကြွက်သားတွေကို အားနည်း၊ ပျက်စီးစေနိုင်တယ်။ ဒီလိုဖြစ်ရင် စုစည်း မ-တင်ပေးတဲ့အား လျှော့နည်းပြီး၊ ထွက်ပေါက်ဖြစ်နေတဲ့ မွေးလမ်းဆီကို ဦးတည်ပြီး ကျ၊ ထွက်၊ ကြွံ ဖြစ်လာတော့တယ်။ ဆက်ဆံရာမှာ လာထိခိုက်တယ်။
ဒီကြွက်သားတွေက စိတ်ကနေထိန်းလို့ရတဲ့ အမျိုးအစားတွေဖြစ်တာ ကံကောင်းတယ်။ အားနည်းတယ်ဆိုရင် လေ့ကျင့်ခန်း လုပ်ပြီး ပြန်ကောင်းအောင် လုပ်နိုင်တယ်။ Pelvic floor exercise လို့ခေါ်တယ်။ သိပ်မခက်၊ သိပ်အပမ်းမကြီးပါ။ ဘယ် ကြွက်သားတွေလဲ ဆိုတာသိဘို့ အရင်သင်ပေးရတယ်။ ဆီသွားနေတုံး မပြီးခင် ရပ်သွားအောင် အထိန်းခိုင်းတဲ့အခါ နေရာတဝှိုက်က ကြွက်သားတွေကို စိတ်ကနေ ကြုံ့ပေးရတယ်။ ဘယ်ကြွက်သားတွေဆိုတာ သဘောပေါက်ပြီဆိုရင် တကယ် ဆီးမသွားဘဲ နေရင်း-ထိုင်ရင်း၊ အလုပ်လုပ်ရင်း၊ လှဲနေရင်း အဲဒီကြွက်သားတွေကို စိတ်ကနေ တင်းလိုက်၊ လျှော့လိုက် လုပ်ပေးတာက လေ့ကျင့်ခန်း ဖြစ်တယ်။ တခါလုပ်ရင် ၁ဝ-၂ဝ ကြိမ်၊ နေ့တိုင်း ၂ ကြိမ် လုပ်ပါ။
နောက်တချက် လိုသေးတယ်။ (ပိုတက်ဆီယမ်) ဓါတ်ဆား နည်းနေရင် ကြွက်သား အားမကောင်းဘူး။ အစားအစာထဲမှာ နည်းနေတာနဲ့ ဝမ်းပျက်တာတွေကြောင့် ဖြစ်တတ်တယ်။ (ပိုတက်ဆီယမ်) ကြွယ်ဝတဲ့အစားတွေက ငှက်ပြောသီး၊ လိမ်မော်သီး၊ စပျစ်သီး၊ ဆီးသီး၊ ဖရုံ၊ ဟင်းနုနွယ်၊ အာလူး၊ ပဲသီးတောင့်၊ ကွမ်းသီးဂေါ်ဖီထုပ်၊ မုံလာဥ၊ ဒိန်ချဉ်၊ စတာတွေ ဖြစ်တယ်။ လက်ဖက်ရည်ကြမ်းနဲ့ အုန်းရည် သောက်တာ ကောင်းတယ်။ လိုရင် Potassium ဆေးသောက်ပါ။
ဆက်ဆံတာကို ဆက်ကြရအောင်။ ဆက်ဆံနေစဉ် ကျား အင်္ဂါက အပေါ်ဖုံးအရေပြားကလည်း ဆွဲလှန်၊ ဆွဲပိတ်၊ လှုတ်ရှားမှု လုပ်တယ်။ လက်နဲ့လည်း ဒါမျိုလုပ်တာဘဲ။ အင်္ဂါနှစ်ခုလုံး သုံးတာလည်း ဒီဖြစ်စဉ်က အချိန်အများဆုံး ယူရတယ်။ ကျားအင်္ဂါ ထိပ်ဖျားကိုရော ပြောခဲ့တဲ့ ခေါင်းအောက်နေရာ ကိုရော ထိမိစေတာဖြစ်ရင် ခံစားမှု အများဆုံး ရစေတယ်။ မ အင်္ဂါဟာ အဝနဲ့ အတွင်းပိုင်းတွေက မတူကြဘူး။ အဝက ကျဉ်းတဲ့အပြင် ကြွက်သားက လှုတ်ရှားနိုင်တယ်။ ဒါ့ကြောင့် ကျားအင်္ဂါက အာရုံကြော အများဆုံးနေရာနဲ့ မ အင်္ဂါရဲ့ အကျဉ်းဆုံးနေရာ နှစ်ခု ထိမိစေတာဟာ ကျားအတွက် ပြီးချင်စိတ် ပိုစေတယ်။ ပြောခဲ့သလို မ အင်္ဂါကလည်း ကျန်းမာနေမှ ပိုကောင်းတယ်။
နောက်ဆုံးအချက်က မ စိတ်။ အမျိုးသားဖြစ်ဖြစ် အမျိုးသမီးဖြစ်ဖြစ် တယောက်နဲ့ တယောက် လိင်စိတ် အနည်းအများ မတူကြပါ။ အတွေ့အကြုံ၊ အသက်၊ အခြေအနေအရ မတူကြပါ။ (လယ်ဗယ်) တူတွေဆိုရင် အဆင်ပြေဆုံးပါ။ မတူပေမဲ့ တယောက် ယောက်ကနေ ဦးဆောင်နိုင်တယ်။ တဦးနဲ့တဦး ချစ်ခင်စိတ်ရှိသူများမှာသာ အကောင်းဆုံးဖြစ်တယ်။ ကိုယ့် (ပါတနာ) ကိုပါ ပူးပေါင်း ဆောင်ရွက်ဘို့ စည်းရုံးပါ။
တယောက်က ခံစားမှု ကောင်းတဲ့ အခြေအနေဟာ နောက်တယောက် အတွက်လည်း အတူတူဘဲ။ အနေအထား၊ နည်းလမ်း၊ လှုတ်ရှားမှု၊ စကား၊ အနံ့၊ စတာတွေ အားလုံးဟာ နှစ်ဦးလုံးအတွက် အကောင်းဆုံး ဖြစ်နေစေသင့်တယ်။ စိတ်မစောပါနဲ့။ မစိုးရိမ်လွန်းပါနဲ့။ ဆက်ဆံကြတာဟာ တခါတလေ ပြီးပြီးပျောက်ပျောက်၊ တခါတလေ တမေ့တမြော။ တခါတလေ စီစီစဉ်စဉ်။ တခါတလေ ဟောဟောဒိုင်းဒိုင်း။ ဒါ့ကြောင့် အမြဲ (ပါဖက်) ချည်း မဖြစ်တတ်တာမို့ မဟုတ်တဲ့ အခါမျိုးအတွက် သောက မထားပါနဲ့။ အရည်အတွက်ကနေ အရည်အသွေး တိုးတက်လာတာ စုံတွဲတိုင်းပါ။
အောက်က ရေးပြီးသားစာတွေကို အချိန်ရရင် ဖတ်စေချင်ပါတယ်.........copy
No comments:
Post a Comment